မိုးနဲမြို့နယ်၌ ပြောင်းစိုက်ပျိုးရန် မြေယာများပြုပြင် ထွန်ယက်လျက်ရှိ

မိုးနဲ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ဆောင်းသီနှံဆီမုန့်ညင်း ရိတ်သိမ်းပြီးနောက် ပြောင်းများ ထပ်မံစိုက်ပျိုးရန် ယနေ့မှစ၍ ဝမ်ဟေကျေးရွာနေ ဦးစောလျန်၏ ယာခင်းအတွင်း  ထွန်ယက်လျက်ရှိကြောင်းသိရသည်။

 အဆိုပါ ပြောင်းများ ထပ်မံစိုက်ပျိုးရန် ယာခင်းအတွင်း ပြန်လည်ထွန်ယက်ရာတွင် အချိန်တိုအတွင်း အလုပ်ပြီးမြောက်စေရန် ခေတ်မီလယ်ထွန်စက်ကို တစ်နာရီလျှင် ကျပ် ၂၈၀၀၀  ဖြင့် ငှားရမ်းထွန်ယက်ခဲ့ရာ ၄ နာရီကြာ ထွန်ယက်ခဲ့ရပြီး ကျပ် ၁၁၂၀၀၀ ကျသင့်ကြောင်း ၊ထယ်လှန်ပြီး တစ်လအကြာတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ယခင်နှစ် ပြောင်းစိုက်ပျိုးရာ တွင် တစ်ပိဿာလျှင် ကျပ် ၄၆၀ နှင့် ရောင်းချခဲ့ရသော်လည်း အထွက်နှုန်းကောင်းသဖြင့် အမြတ်ရရှိခဲ့ကြောင်း၊ယခုနှစ်ပြောင်းဈေးကတော့ ကျပ် ၇၅၀ အထိမြင့်တက်နေကြောင်း၊ ပြောင်းစိုက်ပျိုးရာတွင် နွားချေးမြေဩဇာ ရောစပ်စိုက်ပျိုးပြီး ပုလဲမြေဩဇာကို ပက်ဖျန်းပေးသွားမည် ဖြစ်ကြောင်း ယာခင်းပိုင်ရှင် ဦးစောလျန် ထံမှသိရသည်။

ဇင်ကိုကို(ပြန်/ဆက်)