ရန်ကုန် ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီစျေးများနှင့် ကုန်စည်ပွဲရုံများဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်အတွင်းရှိ လူစည်ကားရာစျေးများ၊ ကားမှတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက် ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/နှာခေါင်းစည်း ( Mask)များနှင့် ကိုဗစ် -၁၉ မျိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန် (omicron)နှင့် ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှုမရှိစေရေးအတွက် ပါးစပ်/နှာခေါင်းစည်း ( Mask) စနစ်တကျတပ်ဆင်စေရေး အသိပညာပေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron) ကူးစက်မှု မရှိစေရေး အသိပညာပေး လှုပ်ရှားမှုဆောင်ရွက်ရာ၌ စျေးရောင်းချနေသူများ၊ စျေးလာရောက် ဝယ်ယူကြသူများ၊ လမ်းသွားလမ်းလာများနှင့် မြို့နယ်အတွင်းရှိ ပြည်သူများအား စျေးရောင်း / စျေး ဝယ် ပြုလုပ်ကြရာတွင် နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ (Face shield)များ တပ်ဆင်ပြီးမှ စျေးရောင်း/ စျေးဝယ် ပြုလုပ်ကြရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့်အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့)လက်ဆေးဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ စနစ် တကျဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆိုဆက်ဆံမှုများ ပြုလုပ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ နေထိုင်သွားလာစားသောက်ကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများအား အမြန်ဆုံး ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြ ကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၂-ခုနှစ် ဇန်နဝါရီ လ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ (၂၆၇)ဦး အထိရှိပြီး ရောဂါကြောင့် လူတစ်ဦးသေဆုံး မှုဖြစ်ပေါ်ခဲ့သည့်အပြင် ယခုအခါ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာသည့်အခါ ပါးစပ် / နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်မှုများ လျော့နည်းလာသည့်အတွက် ယခုလို မြို့နယ်အတွင်းရှိ စျေးများနှင့် လူအသွားအလာများသည့် နေရာများတွင် ပါးစပ်/ နှာခေါင်း စည်း ( Mask ) စနစ်တကျ တပ်ဆင်စေရေး အသိပညာပေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)