ကျိုင်းတုံ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက ကျိုင်းတုံမြို့မဈေးကြီးအတွင်း လာရောက်ဈေးရောင်းချသူများ၊ ဈေးဝယ် သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးပြီး စနစ်တကျတပ်ဆင်၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာကြရန် အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလားတူ ကျိုင်းတုံမြို့နယ်အတွင်း လူစည်ကားသည့်နေရာများ၊ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)