ကျောက်ဆည် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နနွင်းစိုက်ဧက (၁၀၀၈)ဧက စိုက်ပျိုးထားရှိရာ နနွင်းစိုက်ခင်းများ စတင်တူးဖော်လျက်ရှိပြီး အထွက် နှုန်းကောင်းပြီးရောင်းချရာတွင် ဈေးကောင်းရသဖြင့် နနွင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း စပါယ်တောကျေးရွာမှ တောင်သူ ဦးကျော်ဝင်းက ပြောပြသည်။
နနွင်းစိုက်ပျိုးမည်ဆိုပါက အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင်များ ပြုလုပ်ပြီးစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်ပျိုးခြင်းနှင့် နနွင်းအတက်မျိုး စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိရာ နနွင်းခေါင်းမျိုးစိုက်ပျိုးပါက တစ်ဧကကုန်ပိဿာချိန် (၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး၊ နနွင်းအတက် မျိုးစိုက်ပျိုးပါက ပိဿာချိန်(၆၀၀) ပိဿာခန့် စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း (၅)လက်မအကွာစိုက်ပျိုးရကြောင်းနှင့် မြေအစိုဓာတ်မပြတ်ထားပေး ရကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် နနွင်းစိုက်ခင်းများကို သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၂၄၉) ဧက၊ သင်းဒီး စိုက်ပျိုးရေး နည်းပညာပေးစခန်းတွင် (၇၅၀)ဧက၊ တမုတ် စိုက်ပျိုးရေးနည်းပညာပေး စခန်းတွင် (၉)ဧက စုစုပေါင်း (၁၀၀၈)ဧကစိုက်ပျိုးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
သက်မောင်