ကျောက်ဆည် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသည့် ပြည်သူများအား ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းပြီး စာရင်းများ ကောက်ယူပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီတွင် ပြည်သူ့(၁၉၄၁၂)ဦး ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးရာတွင် လုပ်ငန်းများလျှင်မြန်စွာပြီးစီးရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ထန်းဇင်တော်၊ ဇီးပင်ဝန်း၊ ရဲဘော်ကြီး၊ ရဲဘော်လေး၊ ရေသရောက်၊ မင်းစု၊ အင်ရောင်း၊ အရှေ့သပြေသာ၊ ညွှန့်ပင်၊ ပုန်ညက်ကျေး၊ ဈေးရွာ၊ ထနောင်းပင်လှ ကျေးရွာများသို့ ကွင်းဆင်း၍ စာရင်းများ ကောက်ယူကာ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အနေဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်သားကတ်ကိုင် ကြစို့ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား အသက်(၁၆)နှစ်နှင့် အသက်(၁၈)နှစ်အတွင်း ပြည်သူ(၂၆၃၂)ဦး၊ အသက်(၁၈) နှစ်အထက် ပြည်သူ(၁၆၇၈၀)ဦး စုစုပေါင်း(၁၉၄၁၂)ဦး ပြုလုပ်ပေးပြီးကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)