နမ္မတူ ဖေဖော်ဝါရီ ၂၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားကတ်အလွယ်တကူ ကိုင်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်၍ နမ္မတူမြို့နယ် ဘော်တွင်း၊ ဟူးဆာစသည့် ကျေးရွာအုပ်စု (၂) စုအတွင်းရှိ တိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းနှင့် ထပ်မံရရှိစေရေးကွင်းဆင်း ဆောင်ရွက် ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာ မိုးလုံလေလုံ အားကစားခန်းမ၌ အခြေပြု၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးအောင်ဆန်းမြင့်တို့က ဘော်တွင်း၊ ဟူးဆာ စသည့် ကျေးရွာ အုပ်စု (၂) စုအတွင်းရှိ တိုင်းရင်းသားပြည်သူ (၁၉၇) ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၉၇) ကတ်အား လက်ဝယ် အရောက် ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံရရှိစေရေးအတွက် ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ် (၄) မျိုး၊ နိုင်ငံသားတိုင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိကိုင်ဆောင် နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး မြန်မာ/ရှမ်း နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားသော ပန်ခင်းစီမံချက်ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင် (၁၅၀) စောင်အား အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရေး အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် မြို့နယ်ဦးစီးမှူးအပါအဝင် ဝန်ထမ်း (၇) ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မဲစာရင်းနှင့်ပုံစံ (က) ဇယား စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပြီး၊ ကျန်ရှိသည့်တိုင်းရင်းသားပြည်သူ (၃၂) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထပ်မံထုတ်ပေးနိုင်ရေး ဆောင်ရွက် ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။
လူမော် (ပြန်/ဆက်)