ကျောက်မဲ ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် အဖွဲ့တို့သည် နေ့နံနက်ပိုင်းက ကျောက်မဲမြို့သို့ ရောက်ရှိလာပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးသန်းစိုးသည် ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် ကျောက်မဲခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးအတွက် လျာထား သတ်မှတ်ထားသော အမှတ် ၂ ရပ်ကွက်၊ သစ်တောလမ်းရှိ မြေနေရာအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါ မြေနေရာ နှင့် စပ်လျဉ်း၍ ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးသည် ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျောက်မဲခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်အတွင်း ကျင်းပရန် လျာထားကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန်အတွက် အခြေခံအားဖြင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရန် အရေးကြီးပါကြောင်း၊ အဆိုပါမဲစာရင်းများ မှန်ကန်ရေးအတွက် အားလုံးပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကျောက်မဲခရိုင်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးတို့အတွက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်ထွန်းနိုင်နှင့် တာဝန်ရှိသူများက အသီးသီးရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးသန်းစိုးသည် ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်၍ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး နံနက် ၁၁ နာရီ ခွဲ အချိန်တွင် ပြန်လည်ထွက်ခွာ ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)