တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ (၁.၄.၂၀၁၉ မှ ၃၀.၉.၂၀၁၉)၊ (၂၀၁၉-၂၀၂၀)နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးသဘာပတိ၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး  အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်သောင်းက အမှုဆောင်အဖွဲ့၏ လုပ်ငန်း အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များတင်သွင်းခြင်း၊ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းများ တင်သွင်းခြင်းနှင့် (၁.၄.၂၀၁၉) မှ (၃၀.၉.၂၀၁၉) ဘဏ္ဍာရေးနှစ်အတွက် အမြတ်ခွဲဝေစာရင်းများအား ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၊ အသင်းသားစာရင်းစစ်တစ်ဦးက အသင်းသား စာရင်းစစ်အစီရင်ခံစာကို တင်သွင်းပြီး အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ တင်သွင်း သွားသော အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အသင်းသားများက ဆွေးနွေးဝေဖန် အကြံပြုချက်များကို အမှုဆောင်အဖွဲ့မှ ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်သည်။

ထို့နောက် အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ ဘဏ္ဍာရေးနှစ်ချုပ်စာရင်း၊ အမြတ် ခွဲဝေစာရင်း၊ အသင်းသားစာရင်းစစ်အစီရင်ခံစာနှင့် အစည်းအဝေးမှ အတည်ပြုပေးရမည့် အကြောင်းအရာ (၄) ချက်အား သဘာပတိမှ အတည်ပြုပေးခြင်းနှင့် သက်တမ်းကုန်ဆုံးပြီဖြစ်သော ဒါရိုက်တာအဖွဲ့ဝင်များ နှုတ်ထွက်ကြောင်း ကြေငြာခြင်းတို့ကို ဆောင်ရွက်၍ အစီအစဉ် ပထမပိုင်း ပြီးမြောက်ကြောင်း ကြေငြာသည်။

ယင်းနောက် အမှုဆောင်သစ် ရွေးချယ်ခြင်းအား ဆက်လက်ဆောင်ရွက်ရာတွင် အစီအစဉ် ဒုတိယပိုင်း၏ သဘာပတိ ဦးမောင်မောင်သန်းက အမှာစကားပြောကြားပြီး၊ အမှုဆောင်သစ် ရွေးချယ်ခြင်း၊ ရွေးချယ်ခံရသော အမှုဆောင်သစ်များအား သဘာပတိမှအတည်ပြုချက်ရယူခြင်း၊ ရွေးချယ်ခံရသော အမှုဆောင်သစ်များအား တာဝန်ခွဲဝေခြင်းနှင့် ကတိသစ္စာခံယူခြင်း၊ ရွေးချယ်ခံရသော အမှုဆောင်သစ်ဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်းနှင့် သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြကြောင်းသိရသည်။

ဇော်နိုင်လင်း