ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။ပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစန်းလွင်က တက်ရောက်လာသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးရပိုင်ခွင့်ရှိသည့် နိုင်ငံသားအခွင့်အရေးများ အပြည့်အဝရရှိနိုင်သည့် အထောက်အထားတစ်ခုဖြစ်သည်ကို ပြည်သူအားလုံးသိရှိနားလည်ကြ ရန်လိုအပ်ပါကြောင်း၊ လူမှုဘဝဆောင်ရွက်မှုတိုင်း၌ အရေးကြီး၊ အရေးပါသည့်နိုင်ငံသားဖြစ်မှု အထောက်အထားတစ်ခုကို နိုင်ငံသားတိုင်း ရရှိကိုင်ဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံတော် အစိုးရက ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏အနာဂတ်အကျိုးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်းနှင့် မိမိဌာနမှပြည်သူများအတွက် “ လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုမှ ပြည်သူ (၅၀၁) ဦးနှင့်  ကျောက်ချက်ကျေးရွာ  အုပ်စု၊ ကျောက်ချက်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြည်သူ(၂၆၅) စုစုပေါင်း (၇၆၆) ဦးကို  ကျေးရွာအုပ်စုအလိုက်သွားရောက်၍  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ဆောင်ရွက်လိုပါက  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် ချိတ်ဆက် ပြီး မြို့နယ်ရုံးသို့လာရောက်ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစန်းလွင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)