မိုးကုတ် ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ညောင်သုံးပင်သာမဏေကျော် စာသင်တိုက်ကြီး၏ ဦးစီးပဓာနမဟာနယက ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် (အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိ တဓရ၊ အဂ္ဂမဟာသဒ္ဓ မ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ သာသနာ့ဓဇဓ္မာစရိယသကျသီဟ ပရိယတ္တိသာသန ဟိတဂုဏဝိသိဌ ဘွဲ့တံဆိပ်တော် ရဘဒ္ဒန္တဒေါက်တာ အရှင်တေဇောသာရာဘိဝံသ (India&Srilamka) မထေရ်မြတ်ကြီး၏ သက်တော်(၆၀ )၊ သိက္ခာတော် (၄၀) ဝါသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော် မူသွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား သာဓုကိဠန အန္တိမအဂ္ဂိစျာပနအခမ်းအနား ယနေ့နံနက် (၈) နာရီခွဲအချိန်က ညောင်သုံးပင် စာသင်တိုက်၊ ရှင်တစ်ထောင်ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဆရာတော် ဘဒ္ဒန္တနာဂသေနာ ဘိဝံသက ငါးပါးသီလချီးမြှင့်ခြင်း၊ ဘဒ္ဒန္တသီဟနာဒက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ သံဝေဂကထာကို ဖတ်ကြားလျှောက်ထားခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) က ပေးပို့ဆက်ကပ်သော ဝမ်းနည်း ကြောင်း သဝဏ်လွှာကို တိုင်းဒေသကြီးသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်လှိုင်က ဖတ်ကြားလျှောက်ထားခြင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး)က ပေးပို့ လှူဒါန်းသော စိန်ကတ္တိပါကို လွှမ်းခြုံပူဇော်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က ကျေးဇူးတင်စကား ပြောကြားခြင်း၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဌာဘိဝံသ (နာယကချုပ်ဆရာတော်၊ မစိုးရိမ်တိုက်သစ်၊ မန္တလေး) က အနုမောဒနာတရား ချီးမြှင့်ခြင်းတို့ကို အခမ်းအနား အစီအစဉ် (ပထမ) အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး နံနက်(၁၀) နာရီခွဲ အချိန်တွင် အခမ်းအနားရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ အခမ်းအနား (ဒုတိယ) ပိုင်း အစီအစဉ်အား နေ့လယ် (၁၂) နာရီအချိန်တွင် စတင်ကာ ဆရာတော်၏ တပည့်ရဟန်း/ သာမဏေများ၊ ဒါယကာ/ ဒါယကာမများ ကဝန်ချတောင်းပန်ကန်တော့ကြပြီး လောင်တိုက်တော်ရှိရာ ညောင်သုံးပင် (တာဝါတိုင်ကုန်း) သို့ နေ့လယ် (၁၂)နာရီခွဲအချိန်တွင် ပင့်ဆောင်၍ နေ့လယ် (၁) နာရီအချိန်တွင် သဂြိုလ်ပူဇော်ခဲ့ ကြောင်း သိရှိရပါသည်။
ဆရာတော်၏ အန္တိမအဂ္ဂိအစျာပနအခမ်းအနားအား ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေး အသင်း အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာတော်၏ ဆွေမျိုးများ၊ ဒါယကာ/ ဒါယကာမများ၊ ဧည့်ပရိတ်သတ်များ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
နန်းခွာညိုနှင်း