မိတ္ထီလာ ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရက်ကန်းပညာ ကျွမ်းကျင်သည့် မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ သင်တန်းနှင့် လက်ရက်ကန်း သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဦးသာဝထံမှ သိရသည်။
ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ မြန်မာ့ရိုးရာရက်ကန်းပညာနှင့် တိုင်းရင်းသား များ၏ ရိုးရာရက်ကန်း ပညာကို ထိန်းသိမ်းရန်၊ ရက်ကန်းပညာကျွမ်းကျင်သည့် မျိုးဆက်သစ်များ မွေးထုတ်ရန်နှင့် ခေတ်မီရက်ကန်းနည်း ပညာများ တိုးတက်ပြန့်ပွားရေးတို့အတွက် လက်ရက်ကန်း၊ စက်ရက်ကန်းပညာရပ်များကို နှစ်စဉ်အခမဲ့ ဖွင့်လှစ်သင်တန်း ကြားပေးလျက်ရှိသည်။ ယင်းတို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာမှ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ် သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့ကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အခမဲ့ ဖွင့်လှစ် သင်ကြားပေး လျက်ရှိရာ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းတွင် သင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး လက်ရက်ကန်း ခြောက်လသင်တန်းတွင် သင်တန်းသူ ၉ ဦး တက်ရောက်လျက်ရှိသည်။
အဆိုပါ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ် သင်တန်းတွင် စက်ရက်ကန်း၊ အဖြူချွတ် ဆေးဆိုး၊ လက်ရက်ကန်း၊ လက်ချည်မျှင်ဆွဲနှင့် ရိုးရာဂျပ်ခုတ်၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ စက်ချည်မျှင်ဆွဲ၊ အမျှင်ကုန်ကြမ်း ဘာသာရပ်များနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတွင် စက်ရက်ကန်း၊ အဖြူချွတ် ဆေးဆိုး၊ လက်ရက်ကန်း၊ အထည်ဒီဇိုင်း၊ အထည်သင်္ချာ၊ လက်ချည် မျှင်ဆွဲနှင့် ရိုးရာဂျပ်ခုတ် ဘာသာရပ်များကို နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီအချိန်အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)