မူဆယ်မြို့အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားတိုင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် လျက်ရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရန် ဆွေးနွေးပွဲကျင်းပ

မူဆယ်  ဖေဖော်ဝါရီလ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို နိုင်ငံသား စိစစ်ရေးကတ် မှတ်ပုံတင်ရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာရေး၊ ပညာရေးစသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်(၁၀) နာရီအချိန်က မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community center ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရေး တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့နှင့် ကြိုတင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက် ရှိသော မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံး၊ နိုင်ငံသားအဖြစ် မှတ်ပုံတင်ရေးနှင့် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသား ပဒေနှင့်အညီ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားခွင့်ပြု စိစစ်ရေးနှင့် ကတ်ပြားများ လျှောက်ထားကိုင်ဆောင်ရသည့် တာဝန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပြီး ပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ခြင်းကြောင့် ရရှိနိုင်သည့် နိုင်ငံသားအခွင့်အရေးများအား ဆွေးနွေးဟောပြောသည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူး ဦးမောင်မောင်တာက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား အိမ်အရောက်၊ ရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးမည်များကို အသေးစိတ်ဆွေးနွေးသည်။

ထို့ပြင် တက်ရောက်လာသည့် ခိုလုံလီရှောတိုင်းရင်းသားအဖွဲ့တို့က သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းဖြေကြားပြီး ကွင်းဆင်းဆောင်ရွက်ပေးမည့် ရက်စွဲကြိုတင်ဖြည့်စွက်ရမည့် ဘိုးဘွားအဆက်ဆက် အမည်စာရင်းများကို ရှင်းလင်းဆွေးနွေးပြောကြားကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)