ရန်ကုန် ဖေဖော်ဝါရီ ၂၇
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃၉) ရပ်ကွက်၊ အမှတ်(၅) စည်ပင် သာယာဈေးတွင် အသိပညာပေးလုပ်ငန်းများနှင့် ကွင်းဆင်း စစ်ဆေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြသခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဈေးတာဝန်ခံနှင့် ဈေးစည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးသူဈေးသားများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးတင်ထွန်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင် များမှ မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေးနှင့် မီးငြိမ်းသတ်သည့် နည်းလမ်းများ စနစ်တကျရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံတို့ကို လက်တွေ့ သရုပ်ပြ ရှင်းလင်းပြသခဲ့ပြီး ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများကို ဆောင်ရွက်ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ပြီး၊ ဈေးအတွင်း၌ ထားရှိသည့် မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ် လဲလှယ် တပ်ဆင်ကြစေရန် ဈေးတာဝန်ခံများအား မှာကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဈေးအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ (ဒဂုံမြောက်)