ပျဉ်းမနား ဖေဖေါ်ဝါရီ ၂၇
အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုအရည်အသွေးတိုးတက်လာစေရန်နှင့် စာရေးဝန်ထမ်းများအား ရုံးလုပ်ငန်းဆိုင်ရာများ ပိုမိုကျွမ်းကျင်တတ်မြောက်ကာ လုပ်ငန်းစွမ်းဆောင်မှုများ တိုးတက်လာစေရန်ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ ၊နေပြည်တော် ပျဉ်းမနားမြို့နယ်၏ ပညာရေး ဝန်ထမ်းများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်းကို ယနေ့မွန်းလွဲ(၂)နာရီက အခြေခံပညာမူလတန်းလွန် ကျောင်း(ဘောဂဝတီ) တွင် ကျင်းပသည်။
သင်တန်းတွင် မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဆရာကြီး ဦးတင်ဆန်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုစန်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ညောင်ပင်သာ)ကျောင်းအုပ်ဆရာကြီး ဦးမြင့်သန်းတို့က တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် စာရေးဝန်ထမ်းများအား ရုံးတွင်းစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများ၊ ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ အကြောင်း အရာများ၊ ဆရာ/ဆရာမများအတွက် ဝတ်စားဆင်ယဉ်မှုနှင့် ပြောဆိုနေထိုင်မှုဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများကို ပြုစုပျိုးထောင်ရေးဆိုင်ရာ နည်းစနစ်များနှင့် အချိန်ကိုလေးစားတန်ဖိုးထား သော ဝန်ထမ်းကောင်းများဖြစ်စေရန်စသည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးပို့ချ ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာကျောင်းအသီးသီးတွင် ရုံးလုပ်ငန်းဆောင်ရွက်နေကြသည့် စာရေးဝန်ထမ်း(၇၅)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ခန့်ဝင်းကျော်(ပြန်/ဆက်)