သံတွဲ ဖေဖေါ်ဝါရီ ၂၆
ကလေးငယ်များ၏ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေပြီး ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန( Community Centre ) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ကလေးငယ်များအတွက် စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲ ကျင်းပရခြင်း ၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျည်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲ များကိုကျင်းပပြုလုပ်ကြရာ သံတွဲမြို့ ဒွါရာဝတီမူလွန်ကျောင်း မူလတန်းအထက်ဆင့်ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး လာရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်၊ ဒုတိယဦးစီးမှူးဒေါ်မေမွန်ထွဋ်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်တို့က ဆုများချီးမြှင့်ပေးကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဆရာမများသည် သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန( Community Centre )ရှိ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်းနှင့် ကလေးကစားခန်းများ အတွင်း လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)