YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ငွေပေးချေကတ် Yangon Payment Service (YPS) စနစ် အသုံးပြုပြီး ခရီးအကွာအဝေးအလိုက် ယာဉ်စီးခများ ကောက်ခံသွားမည်

ရန်ကုန် ဖေဖော်ဝါရီ ၂၆

YBS ခရီးသည်တင်ယာဉ်များ စီးနှင်းပြီး ရန်ကုန်မြို့တွင်း ခရီးသွားလာနေကြသည့် ခရီးသွား ပြည်သူများအနေဖြင့် ယာဉ်စီးခပေးချေရာတွင် အခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် Yangon Payment Service (YPS) ကတ်စနစ် အသုံးပြုပြီး ခရီးအကွာအဝေး အလိုက် ယာဉ်စီးခပေးချေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

“အခုလတ်တလော ခရီးသွားပြည်သူတွေ ပြောနေကြတဲ့ YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ပုံသေယာဉ်စီးခ တိုးမြှင့်ကောက်ခံဖို့ အစီအစဉ် မရှိပါဘူး။ တရားဝင်ခွင့်ပြုထားတာလည်း မရှိပါဘူး။ အရင်ကတည်းက ခရီးအကွာအဝေးအလိုက် နှစ်ရာ၊နှစ်ရာ အပိုင်းလိုက် သွားနေတဲ့ ယာဉ်တွေ ရှိပါတယ်။ အခုလက်ရှိမှာ Yangon Payment Service (YPS) ကတ်စနစ် အသုံးပြုပြီး (Distance Pay) ခရီးအကွာအဝေးအလိုက် ကောက်ခံတဲ့စနစ်ကို စီစဉ်ဆောင်ရွက် နေပါတယ်။ ယာဉ်စီးခတိုးမြှင့် ကောက်ခံဖို့ ဒီ(YPS) ကတ်စနစ်ကို ဆောင်ရွက်တာမဟုတ်ပါဘူး။ အရင် ကတည်းက ငါးရာ၊ တစ်ထောင် ကောက်တဲ့ယာဉ်တွေကို အရေးယူဆောင်ရွက်တာတွေ ရှိပါတယ်။ CNG သုံးလ ပိတ်တာတို့၊ ခြောက်လပိတ်တာတို့၊ တစ်နှစ်ပိတ်တာတို့၊ လုပ်ငန်းလိုင်စင်တစ်နှစ် ပိတ်တာတို့ အရေးယူ ဆောင်ရွက်တာတွေရှိပါတယ်။ အရင်ကတည်းက ခရီးအကွာအဝေးအလိုက် (Distance Pay) အနေနဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်စီးခလေးရာ ကျပ်အထိ ကောက်ခံထားမှု တွေရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် YBS ခရီးသည်တင်ယာဉ်လိုင်းများတွင် ယာဉ်စီးခတိုးမြှင့် ကောက်ခံမှုအား ၂၀၂၁-ခုနှစ် နိုဝင်ဘာလမှစ၍  အရေးယူဆောင်ရွက်မှုများရှိခဲ့ရာ ယနေ့အထိ YBS ခရီးသည်တင်ယာဉ် အစီးရေ (၅၂၄)စီးကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ခရီးသွားပြည်သူများအနေဖြင့် ခရီးအကွာအဝေးအလိုက် ယာဉ်စီးခပေးချေနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ ယာဉ်တွေပေါ်မှာ  အသိပေးကြေညာ ထားမှုများရှိကြောင်း၊ ယခုအခါ YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် ငွေပေးချေကတ် Yangon Payment Service (YPS)စနစ်ကို အသုံးပြုပြီး ခရီးအကွာအဝေးအလိုက် ငွေကောက်ခံတဲ့စနစ်ကို တွင်ကျယ်စွာ ပြန်လည် အသုံးပြုနိုင်ဖို့ သက်ဆိုင်ရာ ယာဉ်လိုင်းကုမ္ပဏီများ နှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း၊ ငွေပေးချေကတ် Yangon Payment Service (YPS)စနစ်ကို ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)နှင့် Asia Starmar  Transport Intelligent  Company Limited တို့ ပူးပေါင်းပြီး မြို့တွင်းခရီးစဉ်ပြေးဆွဲပေး နေသည့် YBS ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီငါးခုဖြစ်သည့့် Yangon Urban Public Transportation Public Company Limited(YUPT) ၊ Yangon Bus Public Company Limited(YBPC)၊ Golden Yangon City Transportation Public Company Limited (GYCT)၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၊ လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီလီမိတက် စသည့် ကုမ္ပဏီ ငါးခုမှာရှိသည့် YBS ခရီးသည်တင် ယာဉ်အစီးရေ (၁၉၄)စီးမှာ ဒုတိယအကျော့အနေဖြင့် ပြန်လည်စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ငွေပေးချေကတ် Yangon Payment Service (YPS)ကတ်စနစ် အသုံးပြုပြီး ရန်ကုန် မြို့တွင်းခရီးသွားလာမှုမှာ အရင်ကထက် ပိုမိုများပြားလာခဲ့ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

“အရင်တုန်းက YBS ဘတ်စ်ကားတွေမှာ ဘယ်စီးစီး တစ်ရာကျပ်၊ နှစ်ရာကျပ်၊ သုံးရာကျပ် ဆိုပြီး ကားတွေရှိတယ်။ ဥပမာပြောရရင် နှစ်ရာကားက အရင်တုန်းကဆို တစ်မှတ်တိုင်စီးလည်း နှစ်ရာကျပ်ပဲ။ ခရီးစဉ်အစအဆုံးစီးလည်း နှစ်ရာကျပ်ပဲ။ အဲအတွက် တစ်မှတ်တိုင်၊နှစ်မှတ်တိုင်စီးတဲ့ ခရီးသည်အတွက် မတန်ဘူး။ အခုခရီးအကွာအဝေးအလိုက် ကောက်ခံတဲ့စနစ်ကျတော့ ခရီးတို သွားတဲ့ ခရီးသည်တွေအတွက် တန်ပေမဲ့ ခရီးစဉ်အစအဆုံးစီးတဲ့လူအတွက် ယာဉ်စီးခက နှစ်ဆ တက်သလိုဖြစ်သွားတော့ အခက်အခဲရှိပါတယ်။ ကတ်စနစ်လုပ်မယ်ဆိုလည်း ဒီကတ်က ကားလာမှ စီးလို့ရတာဆိုတော့ ယာဉ်တွေကို လုံလုံလောက်လောက် ပြေးဆွဲပေးစေချင်ပါတယ်” ဟု မှော်ဘီ မြို့နယ်မှ အလုံမြို့နယ်သို့ နေ့စဉ် အလုပ်ဆင်းနေရသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများ ခရီးသွားလာရာတွင် ယာဉ်အကူ (စပယ်ယာ)များနဲ့ ဆက်ဆံရသည့် အခက်အခဲများ၊ ငွေအကြွေရှာရသည့် အခက်အခဲများ၊ ငွေစက္ကူများမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုများ စသည့် အခက်အခဲများမှ ကင်းဝေးပြီး စိတ်ချမ်းသာစွာဖြင့် ဘတ်စ်ကားများ နိုင်ငံတကာအဆင့်မီ စီးနှင်းနိုင်ရန်အတွက် Yangon Payment Service (YPS) ကတ်စနစ်ကို တွင်ကျယ်စွာ ပြန်လည် အသုံးပြုနိုင်ဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Yangon Payment Service (YPS)ကတ်များကို (YPS)အမှတ်တံဆိပ်ရှိသော G & G စတိုးဆိုင်များ နှင့် Yangon Payment Service (YPS)ကတ် အရောင်း စင်တာများတွင် ခရီးသွား ပြည်သူများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ပြီး ကတ်စျေးနှုန်းမှာလည်း တစ်ကတ်လျှင် ငွေကျပ် (၂၀၀၀) သတ်မှတ်ထားပြီး အနည်းဆုံး ငွေကျပ်(၁၀၀၀)မှ အများဆုံး ငွေကျပ်(၃၀၀၀)အထိ ထည့်သွင်းနိုင်ပြီး အထူးအစီအစဉ်အနေဖြင့် ကတ်အသုံးပြုသူများ လွယ်ကူသက်သာ စိတ်ချမ်းသာစွာ အသုံးပြုနိုင်ရန် အတွက် ကနဦးငွေကျပ် (၃၀၀၀) စတင် ဖြည့်သွင်းသည်နှင့် တစ်ပြိုင်နက် ကတ်ကို အခမဲ့ ထုတ်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ သိရသည်။

ယခုအခါ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) အနေဖြင့် YBS ခရီးသည်တင်ယာဉ်လိုင်း (၁၁၈)လိုင်းမှ ယာဉ်အစီးရေ (၂၉၀၀)နီးပါးဖြင့် နေ့စဉ် မြို့တွင်းခရီးသွားပြည်သူ (၆)သိန်း နီးပါးခန့်ကို ပြေးဆွဲ ပို့ဆောင်ပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်