ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်၌ ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ကျောက်တော်  ဖေဖော်ဝါရီ  ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ရှမ်းရွာရပ်ကွက်တွင် ယနေ့ နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းရွာရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင် ရေခဲသေတ္တာဖွင့်ထားရာမှ Safeguard အပူလွန်ကဲပြီး အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်တော်မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဌေးမင်းနိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ စုစုပေါင်းတပ်ဖွဲ့ဝင် (၂၂)ဦးတို့က မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး၊ ဝါးကာ၊ ဝါးခင်းလူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်နှင့်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တော်မြို့၊ မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း