တာလေ သြဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ နားအွန်ကျေးလက်ကျန်းမာရေးဌာနခွဲမှ အသက် တစ်နှစ်မှ ၁၅ နှစ် အောက် အရွယ်ကလေးများအား ပိုလီယို ဝက်သက်နှင့် ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က နားယောင်းကျေးရွာအုပ်စုရှိ နားအွန်ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်၌ ဆောင်ရွက်ခဲ့သည်။
တာလေမြို့ နားယောင်းကျေးရွာအုပ်စု နားအွန်ကျေးလက် ကျန်းမာရေးဌာနခွဲမှ ပထမအကြိမ်အဖြစ် အသက်(၁) နှစ်မှ (၃) နှစ်အောက် ကလေးများအား Penta ဆုံဆို့နာကာကွယ်ဆေး၊ အသက်(၃) နှစ်မှ(၇) နှစ်အောက် ကလေးများအား DT/penta နှင့် အသက်(၇) နှစ်မှ(၁၅) နှစ်အောက် ကာကွယ်ဆေးများကို အမျိုးအစားနှင့်အသက်အရွယ် အလိုက် ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြာင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ ခြင်းကို သားဖွားဆရာမ ဒေါ်ခင်ခင်ရီ ဦးဆောင်၍ ကျန်းမာရေးကြီးကြပ်(၂) ဦးမိုးဒေနှင့်ဝန်ထမ်းများက ကလေးငယ်(၃၇) ဦးကို ဆုံဆို့နာ ၊ပိုလီယို နှင့် ဝက်သက် ကာကွယ်ဆေးများ ထိုးနှံခဲ့ကြောင်း သိရသည်။ အလားတူ တာလေမြို့ မိုင်းလင်း(အရှေ့) ကျေးရွာအုပ်စုအတွင်းရှိ ဝိန်းလန်း ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာ မဒေါ်နန်းသန္တာဆွေနှင့် ဝန်ထမ်းများမှ ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက ဟွေဟွယ်ကျေးရွာ ရှိကလေးငယ် စုစုပေါင်း(၃၃) ဦးကိုဆုံဆို့နာ ၊ ပိုလီယို နှင့် ဝက်သက်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)