ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ဒက္ခိဏသီရိ  ဖေဖော်ဝါရီ  ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်  ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​​ရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှာ များပြားလာပြီဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များဖြစ်သည့် မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ကြဉ်ကြရန်၊ မလိုအပ်ပဲအပြင်သို့ သွားလာခြင်းမပြုရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ရန်၊ လက်ကို စနစ်တကျ မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်နှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် (အိုမီခရွန်) ကူးစက်မှုမဖြစ်ပွား စေရေးအတွက် တက်နိုင်သမျှအိမ်ထဲမှာနေ၍ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများ လိုက်နာကြရန်၊ မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန များသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)