မိုင်းယန်း ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဌာနမှ ခေတ္တအမှုဆောင် အရာရှိ ဦးစိုင်းပင်းမိန်းဆိုင်ထံမှ သိရသည်။
အဆိုပါ လုပ်ငန်းလိုင်စင်များမှာ မြို့ဝင်ကြေးဘီးကောက်လိုင်စင်၊ မြို့မပျံကျဈေး ကောက်လိုင်စင်၊ စက်ဘီးဆိုင်ကယ်အပ်နှံရေးဂိတ်၊ မြို့မဝက်၊ မြို့မအမဲတို့ဖြစ်ပြီး လျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်၊ စည်ပင်သာယာရေးဆိုင်ရာ အခွန်၊ အခ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်၊ ငွေထုတ်ယူခွင့်အမိန့်(POP)၊ လျှောက်ထားသူမှ မရွှေ့မပြောင်းနိုင်သော ပစ္စည်း လက်ရှိ ပိုင်ဆိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် လျှောက်ထားသူ၏ အမည်ပေါက် ပိုင်ဆိုင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း (အိမ်/ မြေဂရန်/ ငွေစုလက်မှတ်/ ငွေစုစာအုပ် မိတ္တူများ) (လိုင်စင်ယှဉ်ပြိုင်ချိန်တွင် မူရင်းတင်ပြရန်)တို့ကို တင်ပြလျှောက်ထားရမည်ဖြစ်သည်။
လိုင်စင်များကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်လျှောက်ထားနိုင်ပြီး လျှောက်လွှာများ တင်သွင်းခွင့်ကို ဖေဖော်ဝါရီ ၂၈ ညနေ ၄ နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် အရပ်ရပ်အခွင့်အရေး လုပ်ငန်း လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များကို မတ် ၁ ရက်နေ့ နံနက် ၉ နာရီတွင် လေလံတင် စိစစ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)