ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ ကျင်းပ

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ပေးအပ်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစန်းလွင်က တက်ရောက်လာသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် “ပန်းခင်း” စီမံချက်ဖြင့် ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရခြင်း ရည်ရွယ်ချက်၊ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း (၄)မျိုး၊ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင် ဆောင်ရခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ မိမိဌာနမှ ပြည်သူများအတွက် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ် မအူတောကျေးရွာအုပ်စုမှ ပြည်သူ (၁၀၉) ဦး၊ သာယာကုန်းကျေးရွာအုပ်စုမှ ပြည်သူ(၈၄)ဦး၊ သစ်တပ်ကျေးရွာအုပ်စုမှ ပြည်သူ(၆၂)ဦး၊ ပုပ္ပါးကုန်းရပ်ကွက်မှ ပြည်သူ(၂၁)ဦး၊ နန်းဩကျေးရွာ အုပ်စုမှ ပြည်သူ(၅၃)ဦးနှင့် သက်နှင်းအင်းကျေးရွာအုပ်စုမှ ပြည်သူ(၁၃)ဦး စုစုပေါင်း (၃၄၂) ဦးကို  ကျေးရွာအုပ်စုအလိုက် သွားရောက်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့သည်။     

ဇေယျာသီရိမြို့နယ် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်လိုပါက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့်ချိတ်ဆက်ပြီး မြို့နယ်ရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း ဇေယျာသီရိမြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးစန်းလွင်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)