သီပေါမြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် အခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း (Mask)စနစ်တကျတပ်ဆင် သွားလာရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၈နာရီခွဲက ဝက်ဝံယာယီ ပျံကျဈေး၊ မြို့မဈေး၊ လမ်းမတော်လမ်းနှင့် မိုင်းပွန်လမ်းဆုံမီးပွိုင့်အနီးနှင့် နမ့်ပေါ့ ချောင်းတံတား အနီးတို့တွင် အဖွဲ့(၂)ဖွဲ့ ခွဲ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ဒေသခံလမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးသူ၊ ဈေးသားများ၊ ခရီးသွားပြည်သူများကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေသည့်အတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်းနှင့် ပါးစပ်၊နှာခေါင်းစည်း(Mask) ၃၆၀၀ ခုကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန် ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာရမည့် စည်းကမ်းချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ နေ့စဉ်မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများ အရောက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ခင်လေး