ရေး ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက သောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီလင်းက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ လေ့ကျင့်ရေးစီမံချက်အရ မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင် သင်တန်းသား များအား မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်သော ဘာသာရပ်များဖြစ်သည့် အခြေခံ မီးသတ်ပညာ၊ သဘာဘေးအန္တရာယ် ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေး နှင့် ရှေးဦးသူနာပြုစုခြင်း ဘာသာရပ်များ၊ ရေစိုလေ့ကျင့်ခန်း၊ အခြေခံကြိုးချည်နည်းများ၊ တစ်ပိုက်နှစ်တန်းခွဲ ဆက်နည်း၊ ရေဖွင့် ရေပိတ် အချက်ပြနည်းများ စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ယူတတ်မြောက်ကြပြီးဖြစ်၍ မိမိတို့ကျေးရွာအတွင်း အကျိုးရှိရှိပြန်လည် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်က အမှာစကား ပြောကြားကာ တာဝန်ရှိသူများက သင်တန်းထူးချွန်ဆု ရရှိသည့် သင်တန်းသားများကို ဆုတံဆိပ်နှင့် သင်တန်းဆင်းလက်မှတ်မျာကို ပေးအပ်ခဲ့သည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၂) ကို ဖေဖေါ်ဝါရီ ၁ ရက် မှ ၂၅ ရက်အထိ သင်တန်းသား (၂၅)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
ခင်သိမ့်သိမ့်ရည်