နောင်ချို ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရှိ ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ မိမိတို့နိုင်ငံအတွင်း၌ ကူးစက်မှု များပြားနေခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် ပြင်ပမှ ဧည့်သည်များ လက်မခံပါရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ တတ်နိုင်သမျှ အိမ်မှာနေရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သော နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက် နာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ တတ်နိုင်သမျှ ပြည်သူအားလုံးပူးပေါင်း ဆောင်ရွက်ကြရန် စသည့် အသိပညာပေး လုပ်ငန်းများကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။
ထွေးငယ်(ပြန်/ဆက်)