သီပေါမြို့နယ်တွင် တစ်နိုင်တစ်ပိုင် (CP) ဥစားကြက်မွေးမြူကာ မိသားစုနေ့စဉ် ပုံမှန်ဝင်ငွေရရှိ

သီပေါ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ အချို့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ စံဖိတ်ကျေးရွာတွင် မိသားစု တစ်နိုင်တစ်ပိုင် (CP) ဥစားကြက် မွေးမြူကာ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

Cp ဥစားကြက်မွေးမြူရာတွင် ၃ ပတ်သားအရွယ် ဥစားကြက်ပေါက်များအား CP ကြက်စာကို တစ်နေ့လျှင်(၃)ကြိမ် အစာပုံမှန်ကျွေးပြီး စနစ်တကျမွေးမြူရကြောင်း၊ ဆောင်းရာသီတွင် နေ့တာတို သည့်အတွက် ကြက်ဥအထွက်နှုန်းတိုးစေရန် နေ့အလင်းရောင်ကဲ့သို့ မီးချောင်းများ ထွန်းပေးရ ကြောင်း၊ ရာသီဥတု အေးသောကြောင့်  ကြက်များကို အစာကျွေးမှုပုံစံများနှင့် ဖြည့်စွက်စာကျွေးခြင်း များ ပြောင်းလဲရကြောင်း၊ အပူပေးခြင်းနှင့် ခွန်အားတိုးစေရန်အတွက် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ မိမိတို့ မွေးမြူရေးခြံတွင် ဥစားကြက်ကောင်ရေ စုစုပေါင်း(၆၀၀)နီးပါးခန့် မွေးမြူထားရှိကြောင်း၊ တစ်နေ့လျှင် ကြက်ဥအလုံးရေ ၂၀၀ နှင့် ၃၀၀ ကြား ပုံမှန်ရရှိ၍ ကြက်ဥအလုံး (၃၀)ပါတစ်ကတ်လျှင် ငွေကျပ်(၃၀၀၀/-) နှုန်းဖြင့် ဖောက်သည်ပေး ရောင်းချရကြောင်း၊ တစ်ရက် လျှင် ငွေကျပ် (၃၀၀၀၀/-) ရရှိကြောင်းနှင့် နေ့စဉ် မိသားစု ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း စံဖိတ် ကျေးရွာနေ ဥစားကြက်တစ်ပိုင်တစ်နိုင်  မွေးမြူရောင်းချသူ ဦးကျော်ခင်က ပြောကြားခဲ့သည်။

CP ဥစားကြက်မွေးမြူရာတွင် ကြက်မွေးမြူရန် လုံလောက်သော နေရာအကျယ်အဝန်း၊ လေကောင်း လေသန့်ရရှိရေးနှင့် ကြမ်းခင်းများ အမြဲခြောက်သွေ့အောင် ထားရှိခြင်း၊ ဖုန်များကို ပုံမှန် ဆေးကြောခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေခြင်းတို့ကို အထူးဂရုပြုရမည်ဖြစ်ပြီး ကြက်ရောဂါများ မဖြစ်ပွားစေရန်၊ ရောဂါကူးစက်မှုမရှိစေရန်အတွက် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးပေးခြင်းများနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ပေးရကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)