ဘူးသီးတောင် ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျန်အေး၏ ကြီးကြပ်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ ဦးဆောင်၍ ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အမှတ်(၁)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် မိသားစုစည်းကမ်းထိန်းသိန်းရေး ဥက္ကဋ္ဌ ဒေါ်မသန်းစောမှ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့အနေဖြင့် မြန်မာအမျိုးသမီးများ လုံခြုံမှုဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် ဆောင်ရွက်နေမှုများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအနေဖြင့် မိခင်နှင့်ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝ အဆင့်အတန်း မြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်း လူမှုရေး အဖွဲ့အစည်းတစ်ရပ် ဖြစ်ကြောင်းအဖွဲ့၏ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ(အိုမီခရွန့်)ကို ရင်ဆိုင်နိုင်ရန် ပြည်သူများ အားလုံးပူးပေါင်း ဆောင်ရွက်ပြီး စည်းကမ်းလိုက်နာပေးကြရန် အသိပညာပေး ပြောကြားပြီး မြို့နယ်လျှပ်စစ်မှူး ဦးကျော်ခင်မှ လျှပ်စစ်ဓာတ်အားချွေတာဖို့ LED မီးကို သုံးစွဲကြစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်မှ ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့် တင်ကြပါစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ကျန်းမာရေး ဆရာမဒေါ်လှသိန်းမှ သွေးတိုးရောဂါရှိလျှင် သတိထားကြပါစို့ ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောခဲ့ကြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများမှလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မိသားစုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မသန်းစောနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမှတ်(၁)ရပ်ကွက်ရှိ မိဘပြည်သူများ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်