ဂွမြို့ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ စခန်း၊ အဆောက်အဦများနှင့် နေအိမ်လိုင်းခန်းများသို့သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ ခြင်းများ ဆောင်ရွက်

ဂွ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်  ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ယာများတွင်  မီးလောင် ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ  မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ စခန်း၊ အဆောက်အဦများနှင့် နေအိမ်လိုင်းခန်းများသို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ရာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအေးမြင့်ဦးဆောင်၍ မီးဘေးလုံခြုံရေး ဖြစ်သည့်  မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဗူးများစသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများအသင့်ထားရှိစေရေး၊ မီးသုံးစွဲမှုနှင့် တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ် ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုစေရေးစသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး စစ်ဆေးခြင်းနှင့်ကြို တင်ကာကွယ်ရေး အတွက် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်မှုအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား လက်တွေ့စမ်းသပ် မီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်စေခဲ့ကြောင်း သိရ သည်။

ရွှေရည်ဝင်းကျော်