မြစ်သား ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြစ်သားမြို့ (၆)လမ်း၊ မင်းကုန်းရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြစ်သား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက အမှာစကား ပြောကြားပြီး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က ငလျင်ဘေး အန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသရခြင်း အကြောင်းအရင်းများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ် ကျရောက်သည့်အခါ အဆောက်အဦ ပြိုကျပျက်စီးခြင်း၊ မီးလောင်မှု ဖြစ်ပွားခြင်း၊ ပြည်သူများ ပိတ်မိနေခြင်းတို့ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေမှုများဖြစ်သည့် အဆောက်အဦ အမြင့်ပေါ်တွင် ငလျင်ဘေးကြောင့် ထိခိုက်မိခဲ့သည့် လူနာများရှိပါက သံတံခါးများ ဖျက်ဆီးခြင်း၊ အဆောက်အဦ အမြင့်ပေါ်သို့ လှေကားများဖြင့် တွယ်တက်ခြင်း၊ မီးလောင်မှုဖြစ်ပွားပါကလည်း မီးငြိမ်းသတ်နည်းများနှင့် အရေးပေါ်လူနာအား ရှာဖွေကယ်ဆယ်ပြီး ကြက်ခြေနီကားဖြင့် အချိန်နှင့် တစ်ပြေးညီ ထိရောက်လျင်မြန်စွာ ကူညီကယ်ဆယ် ပေးနိုင်ရေးအတွက် လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)