ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအသိပညာပေး Mask Campaign ပြုလုပ်

ကြည့်မြင်တိုင် ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးညီညီနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများ သည် ကြည့်မြင်တိုင်မြို့နယ် ညစျေးရှိ စျေးသည်များနှင့် လမ်းသွားလမ်းလာများအား ကိုဗစ်- ၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာတန်းစီစျေးဝယ်ရန်၊ စျေးသည်များအနေဖြင့် Mask တပ်ဆင်ခြင်းအပြင် လက်အိတ်၊ ခေါင်းစွပ်များ တပ်ဆင်အသုံးပြုရန်နှင့် မိမိဆိုင်တွင် လက်သန့်ဆေးရည်များထားရှိ၍ စျေးဝယ် သူများအား လက်ဆေးစေရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး ကျန်းမာရေး အသိပညာပေးခြင်း၊ Mask များ အခမဲ့ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရည်ရည်မွန်( ပြန်/ဆက်)