ဘူးသီးတောင် ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဌာနတို့ ပူးပေါင်း၍ ယနေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ သို့ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကူးစက်မှုမြင့်မားလာပြီ ဖြစ်သည့်အတွက် အထူးအလေးထားလိုက်နာ ဆောင်ရွက်သွားရန်၊ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက (Face Shield) တပ်ဆင်ထားရန်၊ လူစုလူဝေးနှင့် လူထူထပ်သော နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ၆ ပေ အကွာ ခပ်ခွာခွာနေထိုင်ကြရန်၊ မကြာခဏ လက်ကို စက္ကန့် (၂၀)ကြာ ဆေးကြောရန်၊ ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် Mask တပ်ဆင်၍ ဈေးရောင်းချရန်၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း အသက်ရှူရခက်ခဲခြင်း ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်းစသည့် သံသယရောဂါလက္ခဏာများ ခံရပါက ချက်ချင်းနီးစပ်ရာဆေးရုံ ဆေးပေးခန်းများသို့ သွားရောက်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်အရေအတွက် ပြည့်ဝစွာထိုးနှံကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်သွား ရန်တို့ကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)