ရန်ကုန် ဖေဖော်ဝါရီ ၂၅
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက အမှတ်(၅၀) စည်ပင် သာယာဈေးတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် ဈေးတာဝန်ခံနှင့် ဈေးစည်ပင်သာယာ ရေးကော်မတီဝင်များ၊ ဈေးသူဈေးသားများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးတင်ထွန်းအောင် ကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ ဝင်များမှ မီးလောင်မှုဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြိမ်းသတ်နိုင်ရေးအတွက် နည်းလမ်းများ စနစ်တကျရှိစေရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်၍ အသုံးပြုပုံတို့ကို လက်တွေ့သရုပ်ပြရှင်းလင်းပြသခဲ့ပြီး ဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး ရေပုံးများကို စီစဉ်ဆောင်ရွက် ထားရှိရန်၊ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးပြောကြားခဲ့ပြီး၊ ဈေးအတွင်း မီးသတ်ဆေးဘူးများ အလွယ်အတူ အသုံးပြုနိုင်ရန် အဆင်အသင့် ဆောင်ရွက်ထားရှိရေး၊ မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ကြစေရန် ဈေးတာဝန်ခံများအားမှာကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဈေးအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ (ဒဂုံမြောက်)