ဆီဒီးယံကျေးရွာ ဇိနမာရ်အောင်ကပ်ကျော် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ထီးတော်တင် လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော်မင်္ဂလာပွဲကျင်းပ

မိုးကောင်း ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆီဒီးယံကျေးရွာ ရွှေလိပ်တောင်(ခ)ရင်ကွဲတောင်ပေါ်၌ တည်ထားသော ဇိနမာရ်အောင်ကပ်ကျော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော်မင်္ဂလာပွဲကို ယမန်နေ့ နံနက် (၈)နာရီခွဲတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို ပင့်သံဃာတော်များ၊ စိန်ဖူးတော် ထီးတော်အလှူရှင် ဒါယိကာ/ ဒါယိကာမများ၊ ရပ်နီးရပ်ဝေးမှ ပြည်သူများ တက်ရောက်ကြည်ညိုကာ နမောသတ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးဥတ္တမထံ ငါးပါးသီလခံယူ တည်ဆောက်ကြသည်။

ဆက်လက်၍ အလှူရှင်များ၊ ဘုရားဒါယကာ/မများက ရွှေထီးတော်အဆင့်ဆင့်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်ခဲ့ပြီး ဆရာတော်ဘုရားတို့က ပရိတ်တရား ချီးမြှင့်တော်မူခဲ့သည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပြီး ဉာဏ်တော် ၁၈ တောင် အမြင့်ရှိသည့် ဇိနမာရ်အောင်ကပ်ကျော် ဆုတောင်းပြည့် စေတီတော်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ခေါင်းလောင်းတော်နှင့် စိန်ဖူးတော်တို့အား ပထမ၊ ဒုတိယ၊ တတိယစသည့် ဘုအစဉ်အလိုက် ပန်းရထားဖြင့် တင်လှူပူ‌ဇော်ခဲ့ကြပြီး ရတနာရွှေမိုးငွေ မိုးရွာသွန်းကာ အခမ်းအနား အောင်မြင်ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး