ကာလိ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကွန်ဟိန်းမြို့နယ်မှ ကြီးမှူးကျင်းပသော "ပန်းခင်းစီမံ ချက်” အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နေ့လည် (၁) နာရီအချိန်က ကာလိမြို့ ဌာနေပြည်သူ့ စစ်ဆက်ဆံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လွိုင်လင်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်က "ကျွန်တော်တို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတစ်ဦးချင်း၏ တရားဝင်မှုနိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှုရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား လူဦးရေအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ထုတ်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်၍ ပန်းခင်းစီမံချက်နှင့်ပတ်သက်သည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်လျက်ရှိပါကြောင်း ဒေသအတွင်းရှိ သက်ဆိုင်ရာတာဝန်များအနေဖြင့်လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ” ပြောကြားပြီး အဆိုပါဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဗျူဟာ (အခြေချ) ကွန်ဟိန်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ် ၊လွိုင်လင်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်၊ ကွန်ဟိန်းမြို့ နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ရာ ကာလိမြို့၊ ဌာနေပြည်သူ့စစ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က လက်ခံရယူခဲ့သည်။ ဆက်လက်၍ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ ဌာနေပြည်သူ့စစ်မှ ဗိုလ်မှူးစိုင်းလှရွှေက ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့်သူများက စုပေါင်းမှတ် တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ဝင်းကျော်(ကာလိ၊ ပြန်/ဆက်)