အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စာပေကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိနိုင်စေရန်၊ စာပေနှင့် ပိုမို ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် စာပေမှ ဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ် Book Club အသင်း စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာဗိုလ်သံမဏီ (တောင်တွင်းကြီး) က အမှာစကား ပြောကြားပြီးနောက် စာဖတ်ဝိုင်းကို စတင်ရာ စာရေးဆရာ ဦးဝင်းမြင့်က ကဗျာက ပြောသော တပ်မတော်နေ့၊ စာရေးဆရာ မောင်ပန်းဝေ(ညောင်းတုန်း)က ဝံဿနုပျိုးခင်း၊ စာရေးဆရာ ရွှေမော်သန်းထိုက်က မြစ်ချောင်းတွေကို ပေါင်းစည်းထားတဲ့ပင်လယ် စသည်တို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက အပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ အင်းစိန်မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ၊ စာရေးဆရာများနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို