ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ အဓိကလမ်းမကြီးများဖြစ်သည့် လေးထောင့်ကန်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းမကြီးများတစ်လျှောက် သန့်ရှင်းသာယာလှပပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အဆိုပါလမ်းများ၏ ဘေးဘက်ဝဲယာ တစ်လျှောက်တွင် ချုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ (8"-pvc) ရေပိုက်ပေါက်နေမှုအား ပြန်လည်ပြုပြင်ခြင်း၊ လူသွားစင်္ကြန် လမ်းများအား ပြုပြင် ပြင်ဆင်ခြင်း၊ ခြံစည်းရိုးများ ဆေးသုတ်ခြင်း၊ လမ်းလယ်တုံးများအား ဆေးသုတ်ခြင်း စသည့်တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ အဓိကလမ်းမကြီးများတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ များအား ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
“ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိတဲ့ လမ်းမကြီးတွေ သန့်ရှင်းသပ်ရပ်ပြီး လမ်းအသုံးပြုသူတွေ အနေနဲ့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ယခုလို ဆောင်ရွက်ပေးတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်တစ်ခုက မြို့နယ်အတွင်း သန့်ရှင်းသာယာလှပဖို့ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာဌာနတွေ သာမကပဲ မြို့နယ်အတွင်းရှိ ပြည်သူတွေနဲ့ လမ်းအသုံးပြုသူတွေက ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင် မှာပါ ” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အဓိက လမ်းမကြီးများအား လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၏ လမ်းညွှန်မှုအရ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး များ၏ စီမံကြီးကြပ်မှုဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်