ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးနေမှုအား လှည့်လည်ကြည်ညို

စစ်တွေ  ဖေဖော်ဝါရီ  ၂၅

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ် ဝန်ကြီးများ၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက စစ်တွေမြို့သာသနာ့ဗိမာန်တော်၌ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (COVAXIN)အား Booster Dose ထိုးနှံပေး နေမှုအားလှည့်လည် ကြည်ညိုအားပေးသည်။

ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လောကာန္ဒာစေတီတော်ဝန်း အတွင်းရှိ သာသနာ့ဗိမာန်တော်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံရန် ကြွရောက်တော်မူကြသော စစ်တွေမြို့ပေါ်မှ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား လှည့်လည် ကြည်ညို ဖူးမြော်ပြီး အာဟာရဖြည့်အဖျော်ရည်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာတော်ကြီးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVAXIN)အား ထိုးနှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီ စစ်တွေတပ်နယ်မှ ဆေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆရာတော်ကြီးများအား စာရင်းဇယား ကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏတိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်လည် ထွက်ခွင့်ပြု ကြောင်းသိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်အကြာ တွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံသွားရမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)