တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွမ်)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် အထူးကြပ်မတ် ဆောင်ရွက်နေ

တန့်ယန်း  ဖေဖော်ဝါရီ ၂၅

 ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အရှိန်အဟုန်မြှင့်၍ အထူးကြပ်မတ် ဆောင်ရွက် နေရာ မြို့ဝင်စစ်ဆေးရေး ဂိတ်တွင် ယနေ့ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်နေသည်။

ထိုသို့စစ်ဆေးဆောင်ရွက်နေလျက်ရှိရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ တာဝန်ကျဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက မြို့တွင်းသို့ သွားလာနေကြသော ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်သည့်အနေဖြင့် အဝင်အထွက် စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်းတို့ကို နေ့စဉ်စစ်ဆေး ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။   

မင်းလွင်ဦး(ပြန်/ဆက်)