ဒဂုံအရှေ့ ဖေဖော်ဝါရီ ၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန်နှင့် လျော့ကျစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Covishield) ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုရပ်နေရာဖြစ်သော ၇ ဒေသန္တရ ကျန်းမာရေးဌာနတွင် စုစုပေါင်း ပြည်သူ(၁၂၀)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာနေရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များက ဆေးထိုးလာသူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဉ်နံနက် ၉နာရီမှ ညနေ၃နာရီထိ နေ့စဉ်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)