မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

မိုးနဲ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို မိုးနဲမြို့ မြို့နယ်ကမ္ဘောဇခန်းမစုရပ်၌ ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ကာကွယ်ဆေး ထိုးနှံမှုရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံနိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်‌သော အဖွဲ့က အပတ်စဉ်နေ့ရက်အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းအား တစ်မြို့နယ်လုံး ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝလွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုင်း  ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ရာ  ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများ အနေဖြင့် သက်ဆိုင်ရာ ဆေးထိုးစုရပ်သို့ မဖြစ်မနေ လာရောက်ထိုးနှံနိုင်ရေး နယ်မြေအလိုက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ