မြစ်ကြီးနား ဖေဖော်ဝါရီ ၂၅
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရ ကချင်ပြည်နယ်အသင်းအား မြစ်ကြီးနားလေဆိပ်၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ကချင်ပြည်နယ် အေရိုးဗစ်အသင်းအနေဖြင့် နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့ပြီး သုံးဦးတွဲပြိုင်ပွဲနှင့် ငါးဦးတွဲပြိုင်ပွဲတို့တွင် ငွေတံဆိပ်များ အသီးသီးရရှိခဲ့ပြီး ရွှေ (၁)ခု၊ ငွေ (၂)ခုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် တံခွန်စိုက်ဒိုင်းကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် အရာထမ်း၊ အမှုထမ်းများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ကချင်ပြည်နယ် အေရိုးဗစ်အသင်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အေရိုးဗစ် ပြိုင်ပွဲများ၌ တံခွန်စိုက်ဒိုင်းဆုကို ၂၀၀၈ ၊ ၂၀၀၉ ၊ ၂၀၁၀ ၊ ၂၀၁၁ ခုနှစ်များတွင်လည်း (၄)နှစ်ဆက်တိုက် ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တံခွန်စိုက် ဒုတိယဆုကိုရရှိကာ ယခု ၂၀၂၂ ခုနှစ်တွင် တံခွန်စိုက်ဒိုင်းဆုကို ပြန်လည်ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)