တောင်ကြီးမြို့နယ်တွင် နယ်လှည့် စာကြည့်တိုက် Mobile Library ကွင်းဆင်း ဆောင်ရွက်

တောင်ကြီး  ဖေဖော်ဝါရီ  ၂၅

ပြည်သူများစာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်၊ စာငှားပရိတ်သတ်များ စာအုပ် အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီတွင် နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းအားကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက မြို့နယ်တိုင်းရင်းဆေးနှင့် အလုပ်သမားညွှန်ကြားမှူး ဦးစီးဌာနရုံးများသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ နှင့်အညီ သုတ/ရသ စာအုပ်ပေါင်း (၂၅၀) ကို အခမဲ့ ငှားရမ်းပေးခဲ့သည်။

တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်၊ စာငှားပရိသတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်စာကြည့်တိုက် Mobile Library လုပ်ငန်းဖြင့် အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိရာ စာဖတ် ပရိတ်သတ်အကြိုက် စာအုပ်များအား ရက်သတ္တပတ်လျှင်တစ်ကြိမ် သွားရောက်လဲလှယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)