ကျောက်ဆည် ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာတွင် တောင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ အဆင်ပြေလျှက်ရှိကြောင်း သိရှိရသည်။
သီးနှံမျိုးစုံစိုက်ပျိုးရာမှာ “မြေ(၄)ဧကအပေါ်မှာ စိုက်ထားတဲ့ သီးနှံတွေကတော့ ဆလပ်တွန့်၊ တာချီဆန်၊ အိုးမုံညှင်း၊ ဆူးပန်း၊ နံနံ၊ ချဉ်ပေါင်၊ ပင်စိမ်း၊ ၊ ကန်စွန်း၊ ကြက်သွန်မိတ်၊ ခရမ်း၊ မုံလာဉ၊ မုန်ညှင်းခါး၊ ဗူး၊ ဆူးပုတ်ကြီး၊ စပါးလင်စတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးရောင်းချ ပါတယ်၊ စိုက်ပျိုးတဲ့အခါမှာ လည်း ဓာတုဓာတ်ကြွင်းကင်းလွတ်စေဖို့ Superဘိုကာရှီ၊ EMဘိုကာရှီ သဘာဝ မြေဆွေးမြေဩဇာ၊ ငါးအမိုင်နိုအက်စစ် သဘာဝအပင်အားတိုးဆေး၊ သဘာဝဆေးရွက်ကြီး၊ သဘာဝငရုပ်သီး ၊ EM-5 သဘာဝမှိုဆေးတွေ ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲကြောင်း” ရန်ပုံနှစ်ကျေးရွာမှတောင်သူ ဦးတင်ထွန်းက ပြောပြသည်။
သီးနှံရောင်းချရာတွင် ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် ကုန်စိမ်းအရောင်းခန်း(၂)ခန်းနှင့် နေ့စဉ်ရောင်းချကြောင်း၊ တစ်နိုင်တစ်ပိုင် နယ်လှည့်၍လည်းရောင်းချသည့် ဈေးသည်များကိုလည်း ရောင်းချကြောင်း၊ ရောင်းချရာတွင် နယ်လှည့်ဈေးသည်များ အမြတ်များရရှိစေရေး ကုန်ပစ္စည်းအပေါ် မူတည်၍ ရောင်းချပေးလျက်ရှိသောကြောင့် မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)