ကချင်ပြည်နယ် အစိုးရအဖွဲ့မှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြု အုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များအားဂုဏ်ပြု

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၅

နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား သို့ သွားရောက်ပါဝင်ခဲ့ကြသော ကချင်ပြည်နယ်ကိုယ်စားပြု အုပ်ချုပ်မှုအဖွဲ့နှင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ  ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက နေပြည်တော်တွင် ခမ်းခမ်းအနား ကျင်းပပြုလုပ်ခဲ့သည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တစ်ခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ နည်းတူ မိမိတို့ ပြည်နယ်ကိုယ်စားပြု တာဝန်ကျေပွန်စွာဖြင့် စည်းကမ်းတကျ ပါဝင်ခဲ့သော အဖွဲ့ဝင်များအားလုံးအား မိမိတို့အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြု ပြောကြားသည်။

ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နေပြည်တော်တွင် ပါဝင် ဆင်နွှဲခဲ့ကြသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးက ပြည်နယ်ကိုယ်စားပြု ကိုယ်စားအဖွဲ့များအတွက် (၇၄)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် ထုတ်ဝေထားသည့် နှစ်ပတ်လည်မဂ္ဂဇင်းစာအုပ်များအား အမှတ် တရ လက်ဆောင်အဖြစ် ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပြည်နယ် ကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့များအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည့် အဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေကျပ်  ၂၈၇၀၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် ပြန်/ဆက်