မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်၌ ရှေးဦးပြုစုခြင်းအခြေခံပညာ သင်တန်းပေး

မိုးကောင်း ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(MRCS)၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း(၁/၂၀၂၂)ကို ဖေဖော်ဝါရီ (၂၂)ရက်နေ့မှ (၂၄)ရက်အထိ နတ်ကြီးကုန်းရပ်ကွက် ကချင်နှစ်ခြင်းဘုရားရှိခိုးကျောင်း၌ သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုဗစ်ကာလ အခြေခံ အသက်ကယ်နည်းအဆင့်ဆင့်၊ Mine Rise Education-MRE မိုင်းအန္တရာယ် အသိပညာပေး၊ အရိုးကျိုးခြင်း အဆစ်လွဲခြင်း ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာ ပတ်တီးစည်းနည်း၊ အပူလောင်ခြင်း၊ အရည်ပူလောင်ခြင်း၊ သွေးစုပ်သွေးလန့်ခြင်း၊ မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း/ တုပ်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုခြင်း၊ ကိုင်တွယ်နည်း သယ်ဆောင်နည်းနှင့် ရှေးဦးပြုစုမည့်သူ၏ လိုက်နာရမည့်အချက်များ စသည့် ဘာသာရပ်များကို နည်းပြများမှ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းကို အဆိုပါ ကချင်နှစ်ခြင်းဘုရားရှိခိုးကျောင်းမှ သင်တန်းသား (၉)ဦးနှင့် သင်တန်းသူ (၁၀)ဦး တက်ရောက်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ တာဝန်ခံ ဦးဆိုင်းခွန်မှ သင်တန်းသားများကိုယ်စား လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး