ကျောက်တန်း ဖေဖော်ဝါရီ ၂၅
ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီက အနောက်ပိုင်း ရပ်ကွက်တွင် ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ကျွန်တော်တို့က “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့ ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် မေလ ပထမပတ်မှစတင်၍ ဆောင်ရွက်ပေးလျက် ရှိပါတယ်၊ ယနေ့အချိန်ထိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားသူ (၁၉၉၄) ဦး၊ အသက်(၁၈) နှစ် ပြည့် နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားသူ (၈၃၇၁) ဦး၊ စုစုပေါင်း (၁၀၃၆၅) ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်" လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်တန်း မြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်း မရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူ များအား ဆောင်ရွက်ပေးခြင်းစသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
မြိုနယ် ပြန်/ဆက်