ကျိုက်မရော ဖေဖော်ဝါရီ ၂၅
ကျိုက်မရောမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့နယ် မီးသတ်စခန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးဇော်မင်းက သင်တန်းဆင်း အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ လေ့ကျင့်ရေး စီမံချက်အရ မြို့နယ်အတွင်းမှာရှိတဲ့ အရန်မီးသတ် တပ်ဖွဲ့ဝင်(၂၅)ဦးကို မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်သော ဘာသာရပ်များဖြစ်သည့် အခြေခံမီးသတ်ပညာ၊ အခြေခံလက်နက်မဲ့စစ်ရေးပြ ဘာသာရပ်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုခြင်း ဘာသာရပ်များကို ကောင်းစွာ သင်ယူတတ်မြောက်ခဲ့ပြီးဖြစ်၍ မိမိတို့ကျေးရွာများ၌ လက်တွေ့ပြန်လည် အသုံးပြုနိုင်တော့မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ရန်နိုင်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်မီးသတ် ဦးစီးမှူး ဦးတင်သောင်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများ အား သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းထူးချွန်ဆု ဆုတံဆိပ်များနှင့် သင်တန်းဆင်း လက်မှတ်များ၊ သင်တန်းဆင်းဂုဏ်ပြု ထောက်ပံငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၂)ကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်အကြာ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)