ကျိုက်မရောမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက် ပေးလျက်ရှိ

ကျိုက်မရော ဖေဖော်ဝါရီ  ၂၅

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၌ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ ဥပဒေအရကိုင် ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ပြည်သူလူထု၏ လက်ဝယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ကျိုက်မရော မြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်၊ လဝကမှူး ဦးမြင့်စိုးနှင့် ဝန်ထမ်းများက အရှိန်အဟုန်ဖြင့် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက၊ အောင်သုခရပ်ကွက် အတွင်းရှိ အသက် ၁၈နှစ်နှင့်အထက် ဒေသခံပြည့်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ပေးရာ၌ ကျိုက်မရောမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက် ရာခိုင်နှူန်းပြည့်မီရေးနှင့် ကျေးလက်နေ ပြည်သူများအတွက်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်"နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အသေးစိတ် ကွင်းဆင်းစိစစ် ဆောင်ရွက်ပေးခဲ့ရာ အောင်သုခရပ်ကွက်အတွင်း အမှန်တကယ် နေထိုင်သူများတွင် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးပြီး ရပ်ကွက်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ခရီးလွန် နေသူများမှလွဲ၍ ရပ်ကွက်အတွင်းလက်ရှိ နေထိုင်လျက်ရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအားလုံးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းတွင် ကိုင်ဆောင် လက်မှတ် မရှိသူများအား နိုင်ငံသားကတ်ပြား တစ်မျိုးမျိုးရရှိစေရေးအတွက် ကွင်းဆင်းကာ နေ့ချင်းပြီး ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နိုင်၃(က)ကျား၅ဦး၊ မ၅ဦး၊ နိုင် (က)ကျား၁၁ဦး၊ မ(၁၀)ဦး၊ စုစုပေါင်း (၃၁)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုနေ့ချင်းပြီး ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိနေသော ရပ်ကွက်၊ကျေးရွာများသို့လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကွင်းဆင်း၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ဦးစီးမှူးရုံး ဦးကိုကိုလွင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)