“(၅၀)ကြိမ်မြောက်ရွှေရတုမြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” (စတုတ္ထနေ့) ဆက်လက်ကျင်းပ

ရန်ကုန်  ​ဖေ​ဖော်ဝါရီ  ၂၅

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၀)ကြိမ်မြောက်ရွှေရတု မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ'' စတုတ္ထနေ့ကို ယမန်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်-၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာနတွင်  ဆက်လက် ကျင်းပသည်။

ယနေ့နံနက်ပိုင်းတွင်   မြန်မာပြည်အတွက်   အရည်အသွေးပြည့်၀တောင့်တင်းခိုင်မာသည့် ကျန်းမာရေးလူ့စွမ်းအားများ ဖြစ်ပေါ် တည်တံ့ရေးအတွက် ရည်ရွယ်လျက် အရည်အချင်းပြည့်၀သော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များနှင့် အရည်အသွေး မီ ကျန်းမာရေး စောင့်ရှောက်မှုကို အာမခံနိုင်မည့် ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲလေ့လာသင်ယူမှုနှင့် လက်တွေ့ ပူးပေါင်း စောင့်ရှောက်မှုစနစ်ဆိုင်ရာ "Inter-professional Education (IPE) and Inter-professional Collaborative Practice (IPCP): Promise for Quality Health Workforce and Quality Healthcare"   ခေါင်းစဉ်ဖြင့်   နှီးနှောဖလှယ်ပွဲ ပြုလုပ်သည်။

အဆိုပါနှီးနှောဖလှယ်ပွဲတွင်သဘာပတိများအဖြစ်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာတင်ထွန်းနှင့် သူနာပြုက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် (ငြိမ်း)ပါမောက္ခဒေါက်တာမြတ်သန္တာတို့က ဆောင်ရွက် ခဲ့ကြပြီး  သဘာပတိ ညွှန်ကြားရေး မှူးချုပ်   ပါမောက္ခဒေါက်တာတင်ထွန်းကအဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပါမောက္ခဒေါက်တာမြတ်သန္တာက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်ပြီး ဆေးတကသိုလ်(၂) (ရန်ကုန်) ပါမောက္ခချုပ်၊     ပါမောက္ခဒေါက်တာ အေးအေးခင်က     "Navigating the Integration of IPE  into  Medical and  Allied Health  Training Programs:  How far have we reached? ခေါင်းစဉ်ဖြင့် ကျန်းမာရေးပညာရှင်များအကြား ယှဉ်တွဲ လေ့လာ   သင်ယူမှုဆိုင်ရာများအား လက်ရှိ ဆေးပညာနှင့် ဆေးဘက်ဆိုင်ရာသင်တန်းများတွင်   ပေါင်းစပ်ပါ၀င်ဆောင်ရွက်ခဲ့ပုံများ၊ သူနာပြု တက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)  ပါမောက္ခဒေါက်တာညီညီဌေးက  "Implementation   of    IPCP: Possibilities and Challenges" ခေါင်းစဉ်ဖြင့်  ကျန်းမာရေး ပညာရှင်များအကြား   လက်တွေ့ပူးပေါင်းလျက် စောင့်ရှောက်မှုတွင် တွေ့ရသည့် အားသာ ချက်များ၊ စိန်ခေါ်မှုများကိုလည်းကောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊   နိုင်ငံခြားဆက်သွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာကျော်စိုးညွန့်က "Way forward: Team Collaboration and Organizational Support" ခေါင်းစဉ်ဖြင့် IPE နှင့် IPCPကအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၀န်ကြီးဌာနနှင့် ဦးစီးဌာနများ၏ ပူးပေါင်း ဆောင်ရွက်ခဲ့မှုများ၊ အသင်းအဖွဲ့များ၊ WHO၊ INGO များနှင့် ပူးပေါင်းအကောင် အထည်ဖော်ခဲ့မှုများနှင့် ရည်ရွယ်ချက် အောင်မြင်နိုင်ရန် နောင်အနာဂတ်တွင် ဆက်လက် ဆောင်ရွက်ရန်အစီအစဉ်များအား  ဆွေးနွေးတင်ပြ အသိပညာ ဖလှယ်ခဲ့ကြရာ ဗီဒီယိုကွန်ဖရင့် စနစ် (Virtual)ဖြင့် (၂၅၀)ဦးကျော် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသော ပါမောက္ခများနှင့် ဆေးပညာရှင်များက သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ညီလာခံ စတုတ္ထနေ့၊ ညနေပိုင်းတွင် စာတမ်းဖတ်ပွဲများကို (Parallel Session) ဖြင့် တစ်ပြိုင်နက်ကျင်းပရာတွင် ကုသရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ်ဒေါက်တာမိုးခိုင်၊ ဆေးတက္ကသိုလ်(၁)မှပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ သင်းသင်းနွယ်၊ ဆေးတက္ကသိုလ် (၂)မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာခင်မေသင်း၊ ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာချိုချိုဦး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအယ်ထူးဖေ၊ ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမြသန္တာစိန်၊ ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ စန္ဒာကျော်တို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသန စာတမ်း၊ လူမူရေးနှင့် ကျန်းမာရေးစနစ် သုတေသနစာတမ်း စုစုပေါင်း (၂၀)စောင်ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တင်ပြကြသည်။ စာတမ်းနှင့် ပတ်သက်၍ ဆွေးနွေး မေးမြန်းသူများကလည်း ဗီဒီယိုကွန်ဖရင့်စနစ်တွင်ပါရှိသည့် သတ်မှတ်နေရာမှ တစ်ဆင့် မေးမြန်းဆွေးနွေးကြပြီး စာတမ်းရှင်များက ပြန်လည်ဖြေကြားပေးခဲ့သည်။

ညီလာခံဝက်ဒ်ဆိုဒ်တွင် ပိုစတာများကို အီလက်ထရောနစ် ပိုစတာ(E-poster) ဖြင့် ပြသထား၍ https:// conference.myanmardmr.org ဝက်ဘ်ဆိုဒ်တွင် အခမဲ့စာရင်းပေးသွင်းမှတ်ပုံတင်ပြီး ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ ညီလာခံကို ယနေ့ထိ ကျင်းပမည်ဖြစ်​ကြောင်းသိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)