ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အခြေခံ လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

ဒဂုံတောင် ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် အခြေခံ လူဦးရေစာရင်း ပြုစုခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့ မွန်လွဲ ၂နာရီ ၄၅မိနစ် အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်သီတာအေးတို့က လုပ်ငန်းဆောင်ရွက်နေမှု များအား ရှင်းလင်းတင်ပြမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့သည်။

 ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အနောက်ဘက်ရှိ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုများအား ကြည့်ရှုကာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးညွှန်ကြားခဲ့ပြီး ယာယီခရိုင် ရုံးစိုက်ရန် လျာထားသော အမှတ်(၉၈/၁၀၈)၊ ရတနာသိင်္ဂီလမ်း ၊ ၆၄ ရပ်ကွက်ရှိ မြို့နယ်ဥပဒေရုံးပိုင် အဆောက်အဦနှင့် အမှတ်(၄၇၆)၊ မိုးကုတ်လမ်း၊ ၂၃ ရပ်ကွက်ရှိ အမှတ်(၂၄) အကြီးစားစက်မှုရုံးပိုင် အဆောက်အဦတို့အား ကွင်းဆင်းလှည်လည် စစ်ဆေးခဲ့ကြောင်း မြို့နယ် အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရှိရသည်။

သန်းသန်းအေး