ဟိုပန် ဖေဖော်ဝါရီ ၂၅
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ပထမအကြိမ်သီလရှင်အပါး (၁၀၀) ဝတ်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ဟိုပန်မြို့၊ သီရမင်္ဂလာပရိယတ္တိသီလရှင် စာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ပထမဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဟိုပန်မြို့၊ (၃၁)ဘုံစေတီကုန်း သာသနာပြုကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီဟဗလထံမှ ဧည့်ပရိတ်သတ်များက (၈) ပါးသီလခံယူ ဆောက်တည်ကြသည်။ထို့နောက် ဆရာတော်သံဃာတော် များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူသည်။
ထို့နောက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်က လှူဖွယ် ဝတ္တုကိုလည်းကောင်း၊ အလှူဒါယကာဦးခင်မောင်လွင်၊ အလှူဒါယိကာမ ဒေါ်မိုးစန္ဒာမိသားစုတို့က ဆရာတော် (၇) ပါး အား နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကာ ရေဆက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို ရုပ်သိမ်းပြီး ရွှေမိုးငွေမိုးသွန်းဖြိုးကာ ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာအုပ်စု၊ ကျူးဖန်ကျေးရွာနေ အလှူ့ဒါယိယာဦးဘေရင်နယ် (ခ) ဦးခင်မောင်လွင်၊ အလှူ့ဒါယိကာမ ဒေါ်သိင်္ဂီနွယ် (ခ) ဒေါ်မိုးစန္ဒာမိသားစုတို့က မြို့နယ် အသီးသီမှ သီလရှင်လောင်းအပါး (၁၀၀) ကို သီလရှင်ဝတ်ပေးခြင်းနှင့် ပစ္စည်းလေးပါး ဆက်ကပ်လှူဒါန်း ပေးခဲ့ခြင်းဖြစ် သည်။
ဆက်လက်၍ သီလရှင်စာသင်တိုက်အတွင်း သုံးထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူရှင် ဦးခင်မောင်လွင် မိသားစုက မတည်အလှူငွေ သိန်း(၂၀၀)၊ ဒေသကွပ်ကဲရေးမှူး (လောက်ကိုင်) ဗိုလ်မှူးချုပ်ဇော်မင်းက သိန်း(၁၀၀)၊ ဦးမြီရှောက်ချန်းက သိန်း(၁၀၀)၊ ဦးပယ်ရင်းဖါက ယွမ်ငွေ(၁၀၀၀၀/)၊ ဦးလီဖူစို့က ယွမ်ငွေ(၁၀၀၀၀/)၊ ဦးရန်လောက်ချီက ယွမ်ငွေ (၃၀၀၀၀/) နှင့် အလှူရှင်များက အလှူငွေများ ပေးလှူခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ အလှူရှင်မိသားစုဝင်များနှင့် ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်ဇော်မင်း၊ အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကျော်နှင့် တပ်မတော်အရာရှိများ၊ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်